မြန်မာနိုင်ငံအစားအသောက်အဖျော်ယမကာနှင့် လက်လီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Written by  //  August 18, 2017  //  Exhibition News  //  No comments

စတုတ္ထအကြိမ် မြန်မာနိုင်ငံအစားအသောက် အဖျော်ယမကာနှင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလက်လီ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနား “Myanmar FoodBev & Myanmar Retail Sourcing Expo 2017” ကို သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲကို ထိုင်းနိုင်ငံ ICVEX Co., Ltd မှ ဦးဆောင်ကျင်းပခြင်းဖြစ်၍ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံစားသောက်ဆိုင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (MMRA) တို့မှ ပံ့ပိုးဆောင်ရွက်ပေးထားခြင်းဖြစ်ကာ သြဂုတ်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ရန်ကုန်အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး Mr.PakainayLeng-EE၊ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်များအသင်း ဥက္ကဌ ဦးနေလင်း၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း ဥက္ကဌ ဒေါ်ဝင်းဝင်းတင့်၊ Index Creative Village မှ CEO Mr.KnengkraiKanjanapokin နှင့် ICVeX Co.,Ltd မှ အထွေထွေမန်နေဂျာ Mr.Chinakit Viphavakit တို့မှ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ဆိုင်ခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပြပွဲတွင် ၀င်ရောက်ပြသထားသော စားသောက်ကုန်များမှာ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်နှင့် ထိုင်ဝမ် စသည့်နိုင်ငံများမှ ဖြစ်ပြီး အစားအသောက်အဖျော်ယမကာနှင့်ပတ်သက်သော ပစ္စည်းများအား အကောင်းဆုံးနှင့် နောက်ဆုံးပေါ်တီထွင်ထုတ်လုပ်ပြုပြင်ထားသည့်နည်းပညာများ၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုများ၊ အသုံးပြုသည့် စက်ပစ္စည်းကိရိယာများနှင့် လက်လီရောင်းချမှု ပင်ရင်းထွက်ကုန်ပစ္စည်းများဖြင့် ခင်းကျင်းပြသထားကြသည်။

၎င်းပြပွဲတွင် မြန်မာနိုင်ငံစားသောက်ဆိုင်များအသင်းမှ ဟင်းချက်သရုပ်ပြပွဲနှင့် ထမင်းချိုင့်အမြန်ထည့် စိန်ခေါ်ပြိုင်ပွဲကြီးဖြစ်သည့် “20 Minutes Lunch Box Competition” ကို ပြပွဲကျင်းပသည့် (၃) ရက်လုံးတွင် အဆင့်လိုက်ယှဉ်ပြိုင်ခြင်းဖြင့် ထည့်သွင်းကျင်းပမည်ဖြစ်ကာ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှပြုလုပ်သော “သာလွန်ကောင်းမွန်သောလက်လီဆိုင်များဆီသို့” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကိုလည်း ၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ပြပွဲတွင် Myanmar Bartenders Association မှ Cocktail Show များအား ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“သာလွန်ကောင်းမွန်သောလက်လီဆိုင်များဆီသို့” ခေါင်းစဉ်ဖြင့် ဟောပြောပေးမည့် စီးပွားရေးပညာရှင်များမှာ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဦးသူရမောင် (AYA Bank Retail Banking Director)၊ ဦးသူရိန်ငြိမ်း (Managing Director , Nielsen MMRD)၊ ဒေါ်မေဇင်စိုးထက် (Marketing Director, City Mart Holding Limited) နှင့် ဒေါ်တင်ဆုလှိုင် (Vice President, MRA) တို့ဖြစ်ပြီး လက်လီရောင်းချမှုစီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ၊ ဦးတည်ချက်များနှင့် နောက်ဆုံးပေါ်သတင်းအချက်အလက်များဖြင့် ရှင်းလင်းတင်ပြကြမည်ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

View all posts by

Leave a Comment

comm comm comm