မော်တော်ကားရှိသူများအတွက် လက်လွှတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခု
Written by UMFCCI Administrator // September 24, 2016 // UMFCCI News // No comments
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်တစ်ခုဖြစ်သော အော်တိုစက်ပစ္စည်း အစိတ်အပိုင်းနှင့် ပါဝါလျှပ်စစ်ပိုင်းဆိုင်ရာပြပွဲကြီးကို စက်တင်ဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၃) ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ စည်းကားသိုက်မြှိုက်စွာ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အဆိုပါပွဲနှင့်စပ်လျဉ်း၍ ယမန်နေ့က Park Royal Hotel ၌ အကြို သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။
Auto Expo Myanmar 2016 ပြပွဲကြီးတွင် အော်တိုပတ်စ် အစိတ်အပိုင်းများ၊ အင်ဂျင်ပိုင်းဆိုင်ရာ စက်ပစ္စည်းများ၊ ပြုပြင်မှုနှင့် ထိန်းသိမ်းမှုထုတ်ကုန်ပစ္စည်းများ၊ ရေနံဆီနှင့် ဓာတ်ငွေ့ပိုင်းဆိုင်ရာ ပစ္စည်းများ၊ မော်တော် ဆိုင်ကယ်ဆိုင်ရာ အပိုပစ္စည်းများ၊ မီးအားမြှင့်စက်များ၊ ဝါယာကြိုးများနှင့် စွမ်းအင်သုံးပစ္စည်း ကိရိယာများ အစရှိသည့် ပစ္စည်းအမျိုးအစား အစုံအလင်တို့ကို ခင်းကျင်း ပြသသွားမည်ဖြစ်သည်။
Power Myanmar 2016 ပြပွဲကြီးကို ဖွံ့ဖြိုးတိုးတက်နေသော ပါဝါကွန်ရက်အကြောင်းကို ထည့်သွင်း ပြသသွားမည်ဖြစ်ပါသည်။ ၄င်းတွင် ကြိမ်နှုန်းတိုင်း စက်ကိရိယာများ၊ မီးအားမြှင့်စက်များ ၊ ဘက်ထရီများ၊ လျှပ်စစ်ဓာတ်ခဲ၊ ဓာတ်အားသွင်းသော ကိရိယာ၊ မော်ဂျူးများ၊ ဗို့အားလျော့သုံးဝါယာကြိုးများ၊ သယ်ယူရ လွယ်ကူသော ၊ အလွယ်တကူတပ်ဆင်၍ရသော ကေဘယ်ကြိုးများနှင့် မီးအားမြှင့်စက်များ အစရှိသည်တို့ကို ပြသသွားမည်ဖြစ်သည်။
“ဤပြပွဲကြီးတွင် ဂျပန်၊ကိုးရီးယား၊ တရုတ်၊ဗီယက်နမ်၊ စင်္ကာပူ၊ အိန္ဒိယ၊ထိုင်း၊ မလေးရှား၊မြန်မာနှင့် ထိုင်ဝမ် (R.O.C) အစရှိသည့် (၁၀)နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း (၁၂၀) ကျော်မှ ပြခန်းပေါင်း (၁၅၀) ကျော်ဖြင့် ခင်ကျင်းပြသသွားမည်ဖြစ်ကြောင်း နှင့် မော်တော်ကားရှိသူများအတွက် လက်လွှတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း” သတင်းစာရှင်းလင်းပွဲ၌ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်မှ ပြောကြားခဲ့သည်။
ယင်းပြပွဲကြီးကို TWTC (Taipei World Trade Center Co.,Ltd) ၊ Yokers Trade & Marketing Service Co.,Ltd တို့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၊ ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ MIA ၊ MAMDA ၊ AGTI တို့အားဖြည့် ကူညီမှုဖြင့် စည်းကားသိုက်မြှိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
“လာမည့် ၂၀၃၀ ခုနစ်တွင် မြန်မာတစ်နိုင်ငံလုံး အစိုးရမီး လျှပ်စစ်မီးလင်းစီမံကိန်းများ အကောင်အထည် ဖော်လာနိုင်စေရန် အနာဂတ်မျှော်မှန်းချက်ဖြင့်၊ ထိုင်ဝမ်ဘက်မှလဲ အကောင်းဆုံး နည်းပညာများနှင့် ကိရိယာများ ကို ကူညီပေးရန် စိတ်အားထက်သန်စွာဖြင့် အသင့်စောင့်ကြိုလျှက်ရှိပါကြောင်း “Taiwan Trade Center ရန်ကုန်ရုံးခွဲမှ ဒါရိုက်တာ ဖြစ်သူ Michael Yeh မှ ရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယခုကျင်းပမည့်အော်တိုမြန်မာနှင့်ပါဝါမြန်မာပြပွဲကြီးသည် စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀၀ ကျော်ဖြင့် ချိတ်ဆက် နိုင်ပြီး ရင်းနှီး မြှုပ်နှံမှုပေါင်း US Dollar ၂၄ မီလီယံမျှရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။
ကုန်သည်စက်မှုအသင်းချုပ်