Meeting with the State Counsellor: Exchange Rate

Written by  //  August 27, 2018  //  UMFCCI News  //  No comments

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကုန်သည်စက်မှုအသင်းချုပ် အကြံပြု

 

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် အဓိကထားဆောင်ရွက်သင့်သည့် လုပ်ငန်း (၄) ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် အကြံပြုတင်ပြခဲ့သည်။

 

ကုန်သည်စက်မှုအသင်းချုပ်၏ တင်ပြချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး နှင့် ဒေါ်လာငွေကြေးအပေါ် မှီခိုမှုအား လျှော့ချရေးကို နိုင်ငံတော်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်ရန် တိုက်တွန်းထားသည်။

 

“နိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်း ကျဆင်းတာဟာ ပုံမှန်အားဖြင့် ပို့ကုန်တိုးတက်လာနိုင်စေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်း နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း အတက်အကျကြမ်းတာဟာ ပြည်တွင်း စီးပွားရေးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ဦးဇော်မင်းဝင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများအား တင်ပြရာတွင် ပို့ကုန်မြှင့်တင်ရေးအတွက် ပို့ကုန် Supply Chain တစ်ခုလုံးကို  ပြန်လည် သုံးသပ်ပြုပြင်ရန်၊ ဝယ်လိုအားအခြေခံ စိုက်ပျိုးရေးမူဝါဒကို ကျင့်သုံးရန်၊ ပို့ကုန် အထောက်အကူပြု ဘဏ်လုပ်ငန်းများ ဆောလျှင်စွာ အကောင်အထည်ဖော်ပေးရန်နှင့် အလားအလာရှိ ထွက်ကုန်များကို အခွန်ဆွဲဆောင်မှုပေးရန် အကြံပြုခဲ့ပြီး၊ ပို့ကုန်မြှင့်တင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် National Export Promotion Council (NEPC) ကို အလျင်အမြန် ဖွဲ့စည်းပေးရန် တင်ပြခဲ့သည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် နိုင်ငံခြားငွေ အရင်းအနှီးများ ယူဆောင်လာမည့် နိုင်ငံခြားဘဏ်များအား ပြည်တွင်းတွင် လုပ်ငန်းပိုမိုတိုးချဲ့ ခွင့်ပြုပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အဆိုပြု တင်ပြထားသော ရင်းနှီးမည့်ငွေပမာဏများ လက်တွေ့တွင် အမှန်တကယ် ၀င်ရောက်လာရေးဆောင်ရွက်ရန် တင်ပြသည်။

ထို့အပြင် သွင်းကုန်အစားထိုးသည့် လုပ်ငန်းများသည် ပို့ကုန်သွင်းကုန် ကွာသချက်ကို လျှော့ချစေပြီး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေသည့်အတွက် အလေးပေး အားပေးဆောင်ရွက်ရန်လိုအပ်ပြီး၊ တစ်ချိန်တည်းမှာပင် တရားမ၀င်ကုန်သွယ်မှုများကို ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးဇော်မင်းဝင်းက တင်ပြခဲ့သည်။  

ပြည်တွင်းတွင် ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပေးချေခြင်းများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကြပ်မတ်ခြင်း၊ ကုန်သွယ်မှုပြုရာတွင်လည်း အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးများဖြင့် ကုန်သွယ်မှုပြုနိုင်ရန် အတွက် အမြန်ဆုံးဆောင်ရွက်ခြင်းတို့ဖြင့် ဒေါ်လာငွေကြေးအပေါ် မှီခိုနေရမှုကို လျှော့ချရန် တိုက်တွန်းခဲ့သည်။

အထက်ပါ ပင်မအကြံပြုချက် (၄)  ချက်အား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ မူဝါဒ၊ စက်မှုကဏ္ဍဆိုင်ရာ မူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ စီးပွားရေးမူဝါဒ စသည့် မူဝါဒများ ဟန်ချက်ညီညီ ချိတ်ဆက်စေရေး (Policy Alignment) အရေးကြီးပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ၏ ရှုထောင့်အမြင်များ၊ အတွေ့အကြုံ နှင့် အကြံဥာဏ်များကို  ထည့်သွင်းညှိနှိုင်းရန် လိုအပ်ပါ၍ အစိုးရ နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပုံမှန်တွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မည့် မူဝါဒရေးရာ ဆွေးနွေးမှု ပလတ်ဖောင်း (Policy Dialogue Platform) တစ်ရပ် မဖြစ်မနေချမှတ်ရန် လိုအပ်ကြောင်း ဦးဇော်မင်းဝင်းက တင်ပြတောင်းဆိုခဲ့သည်။

အာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးဆိုင်ရာ အကြံပေးကောင်စီကို ဖွဲ့စည်းပြီး၊ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ အကြံပေးနိုင်ရန်နှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council) နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း ထည့်သွင်းအကြံပြုခဲ့သည်။

ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်ရာတွင်လည်း ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တင်ပြခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm