UMFCCI Convention 2017

ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၇

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ပြန်လည်နာလန်ထူနိုင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း (၁၇) ရပ် ကို ကုန်သည်စက်မှုအသင်းချုပ်နှင့် အသင်းချုပ်၏ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် “ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ၂၀၁၇” တွင် တစ်လုံးတစ်ဝတည်းသဘောတူ ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။

လုပ်ငန်း (၁၇) ရပ်ကို အဓိကအားဖြင့် ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ အားကောင်းခိုင်မာရေးနှင့် ဆက်သွယ်ပေါင်းစည်းမှုများ ဖွံ့ဖြိုးတိုးတက်ရေး ဟူ၍ ကဏ္ဍသုံးရပ် ခွဲခြားနိုင်ကြောင်းနှင့် ၎င်းတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသင်းချုပ်အနေဖြင့် ညီနောင်အသင်းများဖြင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။

“စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဖို့ အစိုးရပိုင်းကတင်မဟုတ်ပဲ ပုဂ္ဂလိကပိုင်းကလည်း လုပ်နိုင်တာတွေကို ညီလာခံက ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍကို ပေါင်းစပ်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားမယ်” ဟု ဦးဇော်မင်းဝင်းကပြောသည်။

ဒီဇင်ဘာလ ၈ ရက် အကြိုအစည်းအဝေး နှင့် ဒီဇင်ဘာ ၉ ရက် ညီလာခံတွင် မြန်မာ့စီးပွားရေးကဏ္ဍ၏ လက်ရှိအခြေအနေ၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေရခြင်း၏ အကြောင်းအရင်းများနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်မြှင့်တင်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကိုယ်စားလှယ်များနှင့် အသင်းချုပ်၏ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော ဒေါက်တာဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးတို့က ဆွေးနွေးစုစည်းခဲ့ကြသည်။

ညီလာခံတွင် ဒေါက်တာဦးမြင့်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်ဆောင်ပေးဖို့ စဉ်းစားပေးပါရန် အကြံပြုချက် (၄) ချက်တင်ပြခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်

(၁) စီးပွားရေးကဏ္ဍသည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကြေညာပေးပါရန်၊

(၂) အဓိကအရေးပါသော သက်ဆိုင်သူအားလုံးထောက်ခံသည့် စီးပွားရေးမဟာဗျူဟာတစ်ခု ရေးဆွဲပေးပါရန်၊

(၃) စီးပွားရေးကော်မတီဝင်များ၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ ဗဟိုဘဏ်၊ ကုန်သွယ်ရေးကိစ္စများအား အဓိကလုပ်ဆောင်နေသည့် အရာရှိများနှင့် အနှစ်သာရရှိသော အမြင်ဖလှယ်မှုများ မကြာခဏပြုလုပ်ပေးပါရန် နှင့်

(၄) စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့် အခြားအရေးပါသော ကဏ္ဍများ၌ ကျွမ်းကျင်သူများထံမှ အကြံပြုချက်များကို ရယူပြီး လက်တွေ့အစီအစဉ်များကို စနစ်တကျ အချိန်ယူဆောင်ရွက်ပေးပါရန် ဒေါက်တာဦးမြင့်က တင်ပြခဲ့သည်။

(ဒေါက်တာဦးမြင့်၏ အကြံပြုတင်ပြချက် အပြည့်အစုံကို https://goo.gl/nDs6aN တွင် ဖတ်ရှုနိုင်ပါသည်။)

ဒေါက်တာဦးမြင့်၏ အကြံပြုချက်များအပြင် ညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်အစိုးရ ဆောင်ရွက်ပေးရန်အတွက် ညီလာခံ၏ ဆွေးနွေးအကြံပြုချက်များကို ကုန်သည်စက်မှုအသင်းချုပ်က အမြန်ဆုံးစုစည်းပြီး နိုင်ငံတော်အစိုးရအကြီးအကဲများထံသို့ ပေးပို့တင်ပြခဲ့သည်။

အသင်းချုပ်အနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် ညီလာခံ ကို ၁၉၉၂ ခုနှစ်တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျင်းပသည့် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပါသည်။

ညီလာခံ ဆုံးဖြတ်ချက်များ

Download (PDF, 120KB)